|

Grand Royal
မြန်မာ့ဘောလုံးအတွက် အမြဲတမ်းအဆင့်သင့်ရှိသည့် Grand Royal
မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အ ခန်းကဏ္ဍများအတွက် ပံ့ပိုးကူညီမှုများ ပေးနေကြသော ကုမ္ပဏီအဖွဲ့အစည်းများထဲတွင် IBTC မှာထိပ်ဆုံးနေရာက ပါဝင် လျက်ရှိနေသည်။ နိုင်ငံတကာ အဆင့်အတန်းမီ Beveraged Product များကို အောင်မြင်စွာ ထုတ်လုပ်ဖြန့်ချီနေနိုင်သော IBTC သည် မြန်မာ့အားကစား ပေါင်းစုံအတွက် လိုအပ်သည့် ငွေကြေးပံ့ပိုးမှုများကို အခါမလပ်ပံ့ပိုးထောက်ပံ့ပေးလျက်ရှိနေသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး ဂေါက်သီး၊ ဘိလိယက်စသော အားကစားနည်းများအတွက်လည်း နိုင်ငံတကာအဆင့်မီဖိတ်ခေါ်ဖလား ပြိုင်ပွဲများကို Main Sponsor အဖြစ်ငွေကုန်ကြေးကျများစွာခံကာ ပံ့ပိုပေးလျက်ရှိနေသည်။ အထူးသဖြင့် IBTC ကုမ္ပဏီအကြီး အကဲများသည် ဘောလုံးအားကစားကို အလွန်စိတ်ဝင်စားပြီး ယခင်က Pepsi Cola, Royal FC အမည်များဖြင့် အဆင့်မြင့်တန်း ဘောလုံးအသင်းများကို တည်ထောင်ဖွဲ့စည်းခဲ့ဖူးသည့်အပြင် မြန်မာ့ဘောလုံးအားကစား တိုးတက်ဖွံ့ဖြိုးရေးအတွက်လည်း လိုအပ်သည့် ငွေကြေးလှူဒါန်းမှုနှင့် ပံ့ပိုးမှုများစွာပြုလုပ်ခဲ့သည်။ ယခုနှစ်တွင် စတင်အကောင်အထည်ဖော်သည့် မြန်မာပရိုလိဂ် ပြိုင်ပွဲဖြစ်သော မြန်မာနေရှင်နယ်လိဂ်တွင်လည်း IBTC မှပဲခူးတိုင်းကိုယ်စားပြု ဥဿာယူနိုက်တက် အက်ဖ်စီအမည်ဖြင့် ပရိုကလပ်အသင်းတစ်သင်းကို ဖွဲ့စည်းတည်ထောင်ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ မြန်မာ့ ဘောလုံးအတွက်ဆိုလျှင် လက်မနှေးဘဲ လိုအပ်သည့်အခန်းမှ ပံ့ပိုးကူညီမှုများပေးနေတတ်သော IBTC သည် 2005 ခုနှစ်မှစ၍ ကုမ္ပဏီ၏ အဓိကထုတ်ကုန်ဖြစ်သော Grand Royal အမည်ဖြင့် ငွေကြေးအရင်းအနှီးများစွာ အကုန်အကျခံ ပံ့ပိုးကာ Grand Royal Challenge Cup အဖြစ်ပံ့ပိုးပေးခဲ့ကာ လာမည့်နှစ်များတွင်လည်း ယင်းပြိုင်ပွဲကို ဆက်လက် ပံ့ပိုး ကျင်းပသွားနိုင်ရန် စီစဉ်ထားပြီးဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်အတွက်လည်း Grand Royal အစဉ်အလာမပျက် မြန်မာ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်ရန်ရည်ရွယ်၍ Main Sponsor အဖြစ် (၃) နှစ်ဆက်တိုက် ပံ့ပိုးပေးရန် စီစဉ်ထားသည်။ ယခု ၂၀၀၉ ခုနှစ်အတွက် ပံ့ပိုးငွေ ကျပ်သိန်း (၃,၀၀၀)၊ ၂၀၁၀ ခုနှစ်အတွက် ကျပ်သိန်း (၄,၀၀၀)၊ ၂၀၁၁ ခုနှစ်အတွက် ကျပ်သိန်း (၅,၀၀၀) ပံ့ပိုးရန် ကမ်းလှမ်းသဘောတူထားပြီး ဖြစ်သည်။ ထို့ကြောင့် ယခုလ (၁၆) ရက်နေ့မှ ဇူလိုင်လ (၅) ရက်နေ့အထိ ရန်ကုန်မြို့တွင်ကျင်းပမည့် MNL CUP Grand Royal 2009 ဘောလုံးပြိုင်ပွဲ အတွက်လည်း Grand Royal မှာ Main Sponsor အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ ပါဝင်ပံ့ပိုးခွင့်ရယူထားသည်။
|