MNL အမှတ်ပေးဘောလုံးပြိုင်ပွဲကြီး December -၂၃ တွင်ပြန်လည်စတင်တော့မည်

21 Dec, 2009

MNL Image

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသော MNL League ပြိုင်ပွဲအား အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြောင့် ခေတ္တရပ်နားထားရာမှ Dec 23 ရက်နေ့ ညနေ (၄:၀၀) နာရီ တွင် သုဝဏ္ဏ ဘောလုံးကွင်းကြီးတွင် ပြန်လည်ကျင်းပတော့မည်ဖြစ်သည်။ ပွဲစဉ်(၁၁) ပွဲဦးထွက်အဖြစ် Delta Utd နှင့် မကွေးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး KBZ နှင့် Ygn Utd တို့တွေ့ဆုံမည့်ပွဲမှာလည်း အကြိတ်အနယ်ရှိနိုင်သည်။

MNL League ပြိုင်ပွဲများကို နိုဝင်ဘာ (၈) ရက်နေ့ ရန်ကုန်ယူနိုက်တက်နှင့် ဇေယျာရွှေမြေပြိုင်ပွဲအပြီးတွင် ဆီးဂိမ်းပြိုင်ပွဲများရှိသဖြင့် တစ်လကျော်ခန့် ခေတ္တရပ်နားထားခဲ့ရသည်။ နိုဝင်ဘာ (၈) ရက်နေ့အပြီးတွင် ရတနာပုံအသင်းသည် ဒုတိယနေရာမှ Delta Utd အသင်းကို (၅) မှတ်၊ တတိယနေရာမှ KBZ အသင်းကို (၇) မှတ် အသာဖြင့် အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်နေခဲ့သည်။ ထို့ကြောင့် Delta Utd မှာ ရတနာပုံအသင်းအား ဆက်လက်ဖိအားပေးနိုင်ရန်နှင့် ချန်ပီယံမျော်လင့်နိုင်ရန် လက်ကျန်ပွဲစဉ် လေးပွဲအား အနိုင်ကစားရမည် ဖြစ်သည်။ ထို့ပြင် အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နေသော KBZ အသင်းမှာလည်း 10.01.2010 တွင် တွေ့ဆုံမည့် ရတနာပုံနှင့်ပွဲရလဒ်နှင့် ချန်ပီယံအဖြစ် မျှော်လင့်ချက်ရှိနေသည့် အသင်းတစ်သင်းလဲ ဖြစ်သည်။

လက်ကျန်ပွဲ ၄ ပွဲစီသာ ကျန်တော့သည့် အချိန်တွင် ရတနာပုံ အသင်းမှာ ရမှတ် (၂၅) မှတ်ဖြင့် အဆင့်(၂) နေရာ Delta Utd အသင်းထက် (၅) မှတ် သာနေသော ကြောင့် ဗိုလ်စွဲ ရန် အလားအလာအကောင်းဆုံး ဖြစ်နေသည်ဟု ဆိုနိုင်သော်လည်း၊ ယခုပြိုင်ပွဲ မစတင်မီ အချိန်တွင် အသင်းတိုင်းက လက်ကျန်ပွဲ အားလုံးအား ရလဒ် ကောင်းအောင် အထူးပြင်ဆင်ထားကြသောကြောင့် မည်သည့်အသင်းမှ အလွယ်တကူ အသာစီး မရနိုင်ပေ။

ဇယားအောက်ဆုံးတွင်ရှိနေသော ဆောက်သမ်းမြန်မာ ၊ ဥသာယူနိုက်တက် ၊ မကွေး စသည့် အသင်းများအပါအ၀င် ဇယားထိပ်ပိုင်းတွင် ရှိနေသော အသင်းများ အနေဖြင့်လည်း လက်ရှိအဆင့်ထက် မြင့်တက်အောင် ကြိုးစားကြမည်မှာ သေချာနေသောကြောင့် MNL Grand Royal 2009 အမှတ်ပေးဘောလုံးပြိုင်ပွဲကြီး၏ လက်ကျန်ပွဲ စဉ်အားလုံးမှာ ပရိသတ်အကြိုက်ပွဲ ကြီးပွဲကောင်းများ ဖြစ်နေမှာ သေချာသည်။

ရတနာပုံအသင်းသည် လက်ကျန်ပွဲစဉ်များအဖြစ် 26.12.09 တွင် Southern Myanmar FC, 31.12.09 တွင် ဇေယျာရွှေမြေအသင်း၊ 10.01.2010 တွင် KBZ အသင်း၊ 17.01.2010 တွင် ရန်ကုန်ယူနိုက်တက်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လက်ကျန်ပွဲစဉ်များမှ (၁၀) မှတ်ရရှိခဲ့မည်ဆိုပါက ယခုပြိုင်ပွဲ၏ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။


Delta Utd အသင်းသည် လက်ကျန်ပွဲစဉ်များအဖြစ် 23.12.09 တွင် မကွေးအသင်း၊ 02.01.2010 တွင် ရန်ကုန်ယူနိုက်တက်အသင်း၊ 06.01.2010 တွင် Southern Myanmar အသင်း၊ 14.01.2010 တွင် ဥဿာယူနိုက်တက် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ချန်ပီယံဖြစ်ရန်အတွက် အမှားမခံနိုင်တဲ့ ပွဲစဉ်တွေဖြစ်သည်။

KBZ အသင်းလက်ကျန်ပွဲစဉ်များအဖြစ် 24.12.09 တွင် ရန်ကုန်ယူနိုက်တက်အသင်း၊ 30.12.09 တွင် ဥဿာယူနိုက်တက် အသင်း၊ 10.01.2010 တွင် ရတနာပုံအသင်း၊ 16.01.2010 တွင် မကွေးအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇယားထိပ်တွင် ဦးဆောင်နေသော ရတနာပုံအသင်းနှင့် ထိပ်တိုက်တွေ့ဆုံပွဲဟာ ချန်ပီယံဆု အတွက် စိတ်ဝင်စားဖွယ်ပွဲစဉ်တစ်ပွဲဖြစ်သည်။

အမှတ်ပေးဇယား စတုတ္ထနေရာမှ ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ကျန်ပွဲစဉ် (၄) ပွဲတွင် (၃) ပွဲမှာ အမှတ်ပေးဇယားတွင် ဦးဆောင်နေသော အသင်း (၃) သင်း ဖြစ်သည့် ရတနာပုံ၊ Delta Utd အသင်း၊ KBZ အသင်းတို့နှင့် တွေ့ဆုံရမည်ဖြစ်ပြီး မကြာခင်မှာ အတိအကျ ပေါ်ထွက်လာတော့မယ့် ချန်ပီယံ ဘယ်သူလဲ ဆိုတာ စောင့်မျှော်အားပေးကြပါဦးလို့ မြန်မာ့အားကစားဝါသနာရှင် ပရိတ်သတ်များအား တိုက်တွန်းနှိုးဆော်လိုက်ပါသည်။


League Table
  League Table
 
 
header

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: